ပဲခူး နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်နှင့် ယာဉ်ရပ်နားကွင်းတို့၌ နိုဝင်ဘာ ၉ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ရက်အတွင်း MSMEs အရောင်းဆိုင် ခန်းများအပြင် စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေခြင်း၊ နယ်ခံတေးသံရှင်များက ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေခြင်း၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ခြင်း၊ ညမီးကြီး၊ စိန်နားပန်နှင့် အလှဆင်အရုပ်များအပါအဝင် မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်း၊ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ခြင်း၊ လူစည်ကားရာ ပန်းခြံများ၊ လမ်းမကြီးများတွင် မီးအလှဆင်အရုပ်များနှင့် ရောင်စုံမီးပုံးများချိတ်ဆွဲပြသထားရှိခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းစသည့် အစီအစဉ်နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်၏ အလှရောင်စုံဓာတ်ပုံပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
MSMEs ဈေးရောင်းပွဲတော်ကို ဒေသထွက်ပစ္စည်းစုံလင်သည့် အရောင်းဆိုင်များဖြင့် နိုဝင်ဘာ ၉ ရက်မှ မှ ၁၇ ရက်အထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်(နိုဝင်ဘာ ၁၄ ရက်)တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်း၌လည်းကောင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းကို ရက်ကန်းစင်ငါးစင်ဖြင့် တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာ ၁၄ရက်) ညပိုင်းတွင် လည်းကောင်း၊ မသိုးသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၅ ရက်) နံနက်အရုဏ်တက်ချိန်တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်မုခ်ဦးများရှိ ဗုဒ္ဓဆင်းတုတော်ရုပ်ပွားတော်မြတ်များကိုလည်းကောင်း၊ ပွဲတော်လာပြည်သူဦးရေ ၁၅၀၀၀ အတွက် စတုဒိသာကျွေးမွေးခြင်းအစီအစဉ်ကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၅ ရက်) နံနက် ၇ နာရီမှစတင်ပြီး ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ရှိ စတုဒိသာမဏ္ဍပ်၌လည်းကောင်း၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အစီအစဉ်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် တန်ဆောင်မုန်း လပြည့်နေ့ညတို့တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်း၌လည်းကောင်း၊ ဖျော်ဖြေရေးအစီအစဉ်များကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် နှင့် တန်ဆောင်မုန်းလပြည့်နေ့ညတို့တွင်လည်းကောင်း၊ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်လှူဒါန်းခြင်းအစီအစဉ်ကို တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းအချိန်တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)