မုံရွာ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် မိုးသီးနှံ နှမ်း ၅၃၁၀၂ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၁၀၃၂ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးနှမ်းများ စိုက်ပျိုးရာတွင် နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ-၃၊ သိပ္ပံနှမ်းနက်၊ ရိုးစိမ်း၊ ရှပ်ကလေးမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးနှမ်းစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ငပံ့ခြင်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါမိုးနှမ်းများကို အောက်တိုဘာ ၁ရက်နေ့မှစတင်ပြီး ရိတ်သိမ်းလျက်ရှိရာ ယနေ့အချိန်အထိ စိုက်ဧက၏ ၆၃ ရာခိုင်နှုန်းကို ရိတ်သိမ်းပြီးစီးကာ တစ်ဧက ပျမ်းမျှအထွက်နှုန်း ၅ ဒဿမ ၅၄ တင်း ထွက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)