ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၆/ ၂၀၂၄) အခမဲ့ဖွင့်လှစ်

ကန့်ဘလူ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၆/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာသင်တန်းဖွင့်ပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က ယနေ့ခေတ်တွင် ကွန်ပျူတာပညာရပ်သည် လူငယ်လူရွယ်များအနေဖြင့် မဖြစ်မနေတတ်မြောက်ထားသင့်သည့် ပညာရပ်ဖြစ်ကြောင်း၊ သင်ခန်းစာများကိုလည်း ကြိုးစားလေ့လာသင်ယူကြရန်လိုကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်၍ သင်တန်းကာလမှာ တစ်လတာ သင်ကြားပေးမည်ဖြစ်ပြီး အခြေခံကွန်ပျူတာပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)