ကြံခင်း နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တွင် တောင်သူများအား ၂၀၂၀ပြည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးခြင်းကို မြို့နယ်ဘဏ်ခွဲမှ ယမန်နေ့က ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကို ကြံခင်းမြို့နယ်အတွင်း ယခုနှစ်လျာထား ထုတ်ချေးငွေကျပ် (၂၃၄၂.၅)သန်းအား ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ကြံခင်းမြို့နယ်အတွင်းရှိ အုပ်စု(၂၄)အုပ်စု၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူ (၄၄၄၈)ဦး၊ ဆောင်းသီးနှံစိုက်ဧက (၂၃၀၀၀)တွက် လျာထားကြောင်းနှင့် ၂၀၂၀နိုဝင်ဘာလ (၁၁)ရက်နေ့ မှစတင်ထုတ်ချေးပေးရာ ကျေးရွာအုပ်စု (၃)အုပ်စုတွင် ဆောင်းသီးနှံစိုက်ပျိုးတောင်သူ (၃၃၃)ဦး၊ ဆောင်းသီးနှံစိုက်ဧက (၁၉၂၁)ဧကအတွက် ငွေကျပ်သိန်းပေါင်း (၁၉၂၁၀၀၀၀၀) ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ရီရီဆွေထံမှ သိရသည်။
အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးပေးရာတွင် ချေးငွေထုတ် တောင်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask တပ်ဆင်လာစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန် အသိပညာပေးစာများကပ်ပြီး လက်ဆေးရန် နေရာသတ်မှတ်ပေးထားခြင်း၊ တစ်ဦးနှင့် တစ်ဦး အကွာအဝေးသတ်မှတ် ထိုင်စေခြင်းစသည့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)