ဘားအံ နိုဝင်ဘာ ၁
နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ရသေ့ပျံ-တောကြီးကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်နိုင်ခြင်းသည် ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးတန်ဖိုးထား၍ ရရှိလာသော အသီးအပွင့်ဖြစ်ပြီး ပြည်ပအားကိုးဘေးပယောဂများ၏စကားကို နားမယောင်ဘဲ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို အမြင်ကျယ်ကျယ်ဖြင့်ရှုမြင်တတ်ရန်လိုကာ ယခုဖွင့်လှစ်သည့်ကွန်ကရစ်လမ်းကို ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တန်ဖိုးထားဝိုင်းဝန်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူးဦးအောင်ထွဋ်က ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးညွှန်ကြားရေးမှူးတို့က ပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၆၀ ဒဿမ ၄၃၅ သန်းဖြင့် တော်ဝင်ကရင်မိသားစုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးသည့် အောက်အမာခံညှပ်ကျောက် ၆ လက်မ၊ ကွန်ကရစ်ထု ၇ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေ၊ လမ်းပခုံးတစ်ဖက်လျှင်(၃)ပေစီ၊ လမ်းအရှည် ၄ ဖာလုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်သည် ရသေ့ပျံ-တောကြီးကုန်းကျေးရွာတို့အပြင် အနီးပတ်ဝန်းကျင်ရှိ ဖားကပ်ကျေးရွာ၊ ပန်းကုန်းကျေးရွာ၊ နတ်ကုန်းကျေးရွာများအတွက်ပါ အကျိုးပြုစေမည်ဖြစ်ရာ ဒေသနေတိုင်းရင်းသားပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောလူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ပေါ်လွင်စေပြီး ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် (၃/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်ဂုဏ်ဆောင်ထူးချွန်ဆု ၁၃၃ ဆု၊ ဂုဏ်ထူးဆောင်ဆု ၇၅ ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကာ MSME ထုတ်ကုန်ပြခန်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဌာနဆိုင်ရာများ၏ ပြည်သူအသိပညာပေးပြခန်းများဖြင့် ပြခန်းပေါင်း (၃၂)ခန်းကို ခင်းကျင်းပြသ၍ ပျော်ပွဲရွှင်ပွဲများအနေဖြင့် ပွဲစဉ်ပေါင်း ၁၁၇ ပွဲပါဝင်သော ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ရိုးရာလှေ လှော်နှင့်နဂါးလှေလှော်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ၊ ဇာတ်သဘင်အကအလှများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲများ၊ ဒုံးအဖွဲ့ ၁၉ ဖွဲ့၏ ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ ဒေသအစားအစာနှင့် မုန့်ဈေးရောင်းပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)