“ရာဂိ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၃၁

ရာဂိ မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုပွဲအခမ်းအနားအား ယမန်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂိ မုန်တိုင်းအရှိန်ကြောင့် စစ်တောင်းမြစ်ရေမြင့်တက်ခဲ့ပြီး စက်တင်ဘာလ (၁၁) ရက်နေ့တွင် ရေတာရှည်၊ ရေနီနှင့် သာဂရမြို့တို့တွင် စတင်ရေဝင်ရောက်ခဲ့ရာမှ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့ကြောင်း၊ ရာသီဥတုဆိုးရွားမှု အခက်အခဲများကြားမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လူသားချင်းစာနာထောက်ထားစိတ်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂိ မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများကိုလည်းကောင်း စုစုပေါင်း ဂုဏ်ပြုငွေကျပ် (၆၈၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရာဂိ” မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)