ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၃၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့၊ နောင်ယား(က)နှင့် ဒေါဥခူရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာများ ပြင်ဆင်နေမှုများနှင့် ဒေါနိုးကူးရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်အတွင်း ရေပြန်လည်ကျဆင်းချိန် ကျန်ရှိသောအနိမ့်ပိုင်းနေရာများတွင် ရေစုပ်ထုတ်ခြင်း၊ ရေဖောက်ထုတ်ခြင်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ နောင်ယား(က)ရပ်ကွက် စုပေါင်းဝန်ထမ်းအိမ်ရာသို့ ရောက်ရှိပြီး ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် နေရာချထားပေးနိုင်ရေး အိမ်ရာပြုပြင်ခြင်း အချော သပ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အိမ်ရာလုံခြုံရေး အုတ်တံတိုင်းခြံစည်းရိုး တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ထို့နောက် ဒေါဥခူရပ်ကွက် စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ ၄ ခန်းတွဲ  ၂ ထပ် အိမ်ရာအမှတ် ၇ ၊ ၈ နှင့်  ၄ ခန်းတွဲ ၅ ထပ် အိမ်ရာအမှတ် ၃ တို့ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် ထပ်မံပြုပြင်မည့် ၄ ခန်းတွဲ ၅ ထပ်အိမ်ရာ အမှတ် ၄ ပြုပြင်ခြင်းအား ဝန်ထမ်းများပြန်လည်နေရာချထားနိုင်ရေး ဆက်လက်ပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် လွိုင်ကော်လေဆိပ်သို့‌ ရောက်ရှိကာ လေဆိပ်နှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လေယာဉ်ပြေးလမ်းဘေး ဝဲ/ယာ တစ်လျှောက် ချုံနွယ်/မြက်များရှင်းလင်းနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ဒေါနိုးကူးရပ်ကွက်အတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ကျန်ရှိနေသည့် ရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး ကျန်ရှိရေများအမြန်ကင်းစင်ရေးနှင့် ကျန်းမာရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ထို့နောက် နမ့်ကွတ်ရပ်ကွက်သို့ ရေဝင်ရောက်ခဲ့မှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ကျန်ရှိနေသောရေများကို စက်ယန္တရားများဖြင့် ရေဖောက်ထုတ်ခြင်းနှင့်စက်များဖြင့် စုပ်ထုတ်ခြင်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုပြီး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)