ပေါင်းတည်၌ တောင်သူပညာပေးနှင့် စီမံကိန်းဝင် ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့နှင့် မြေသြဇာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပေါင်းတည် အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူပညာပေးနှင့် ဆောင်းရာသီဆီထွက်သီးနှံ စိုက်ပျိုးရန် တောင်သူများသို့ နေကြာမျိုးစေ့နှင့် မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များများနှင့် တောင်သူများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများအနေဖြင့် နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးနိုင်ရေးကို မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ယခုပွင့်လင်းရာသီမှစ၍ ဆောင်းသီးနှံနေကြာအပါအဝင် သီးနှံမျိုးစုံ ၂၆၁၀ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားကြောင်း၊ နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံပြည့်စုံစေရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ စိုက်ပျိုးရေးဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူး၊ မြေစာရင်းဦးစီးမှူးနှင့် စက်မှုလယ်ယာဦးစီးမှူးတို့က စိုက်ပျိုးသီးနှံ စိုက်ပျိုးမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းဝင်ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့နှင့် ယူရီးယားဓာတ်မြေသြဇာများ ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)