မုံရွာမြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် နိုင်လွန်ကတ္တရာလမ်းများ ဆောင်ရွက်လျက်ရှိ

မုံရွာ အောက်နိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကထောက်ပံ့သည့် ရန်ပုံငွေဖြင့် မုံရွာမြို့၏ မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြိုင်သဇင်လမ်းအား အလျား ၁၇၈၀ ပေ၊ အကျယ် ၁၆ ပေဖြင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေး အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောင်မင်္ဂလာရပ်ကွက်ရှိ မြိုင်သဇင်လမ်းအပါအဝင် လမ်းပေါင်း (၁၄၃)လမ်း၊ စုစုပေါင်း အရှည် (၅၇ မိုင် ၄.၈၁ ဖာလုံ)အား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် လမ်းများသန့်ရှင်းသာယာလှပရေး မုံရွာမြို့ရှိ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ရုံးကြီးလမ်းတို့အပါအဝင် လမ်းများတစ်လျှောက် အန္တရာယ်ဖြစ်စေနိုင်သော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း၍ စနစ်တကျ စွန့်ပစ်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)