(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဥယျာဉ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ အောက်တိုဘာ ၃၁

ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ(၁၈၁၄)ကျပ်သန်းဖြင့်  ကွန်ကရစ်လမ်း(၁၈)လမ်း၊ လမ်းအရှည်(၃မိုင် ၁ဖာလုံ)၊ တံတား(၂၀)စင်း၊ ရေပေးဝေရေးနှင့်အခြားလုပ်ငန်း(၄၂)ခုတို့ကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီက (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဥယျာဉ်လမ်း ကွန်ကရစ်လမ်းသစ် ကို ဖွင့်လှစ်ခဲ့သည်။

လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ကွန်ကရစ်လမ်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကာ ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးတို့က ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ၁၂၄ ဒဿမ ၂ သန်းဖြင့် အရှည် ၁၆၆၂ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မရှိ ဥယျာဉ်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဒုတိယအကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းအား  အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်မည့်ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်ငန်းအစီအမံများကို အသင်းသားများအားလုံးတက်ညီလက်ညီပူးပေါင်းပြီး ဆုဖလားရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယအကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနှင့် အသင်းကြီးကြပ်သူတို့က ပြိုင်ပွဲတွင် အောင်နိုင်မှုရရှိရန် ကြိုးစားဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ကရင်ပြည်နယ်ကိုယ်စားပြု အသင်းအား ငွေကျပ်(၈၆)သိန်းကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရက်ကန်းနှင့်သက်မွေးပညာ သင်တန်းကျောင်း (ဘားအံ)၏ သင်တန်းခန်းမအတွင်း အသင်းသူများ၏ မသိုးသင်္ကန်းရက်လုပ် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)