နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း ၊ နိုဝင်ဘာ၂၅


မြန်မာနိုင်ငံရေပိုင်နက် ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း နိုင်ငံတကာပင်လယ်ကူး သင်္ဘောများ ပေါ်မှ သင်္ဘောသား အလွဲအပြောင်းလုပ်ငန်းများကို ပြုလုပ်လျက်ရှိရာ M/S WISDOM MARINE LINES GROUP ကုမ္ပဏီလီမီတက် ထိုင်ဝမ်ပိုင် MV-SAKIZAYA BRAVE  သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ Wooil Marine ကုမ္ပဏီလီမီတက် ပနားမားပိုင် MT –K.K NO.5  သင်္ဘောပေါ်မှ သင်္ဘောသား(၁၀)ဦးသည် ယနေ့ နံနက်ပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့မ ဆိပ်ကမ်းတံတားမှာ ကျန်းမာရေးဌာနနှင့် တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များက လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်၁၉ ရောဂါထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့ မှာ Hotel Quarantine (၁၄)ရက်ထားရှိကန့်သတ်  စောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်္ဘောနှစ်စီးပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား(၁၃)ဦးသည်  ကော့သောင်းမြို့တွင် ကြိုတင် ရောက်ရှိနေကာ MV-SAKIZAYA BRAVE  သင်္ဘော ပေါ်ကို sign on တက်ရောက်မည့် ကပ္ပတိန်ဦးကိုကိုလွင်  ပါ သင်္ဘောသား(၆)ဦး MT –K.K NO.5  သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကိုကိုကျော်  ပါ သင်္ဘောသား(၉)ဦးတို့နှင့် တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်သည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး Sign off ထွက်လာသည့် သင်္ဘောသား(၁၃)ဦး၏ နှာခေါင်းအာခေါင်တို့ဖတ်များနမူနာများကို ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရယူကာ   ရန်ကုန်အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ဆောင် ဓာတ်ခွဲစစ်ဆေးသွားမှာဖြစ်ကြောင်းသိရသည်။
  ကျော်စိုး(ကော့သောင်း)