ကော့သောင်း အောက်တိုဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အမှာစကားပြောကြားပြီး၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးထက်အောင်က မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာ ဦးရဲလင်းမောင်မောင်က မိတ်ဆက်စကား ပြောကြား၍ သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းသူ (၁၂) ဦးခန့် တက်ရောက်ကြပြီး နည်းပြဆရာများက ပေါင်မုန့်အမျိုးမျိုး၊ ကိတ်မုန့်များ၊ ကွတ်ကီးမုန့်များစသည့် Bakery အမျိုးမျိုး ပြုလုပ်နည်းများကို သင်တန်းကာလ (၅) ရက်တာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)