တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၃၁

(၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ စုပေါင်း သွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင်ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း(၅၄)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြင်ပလူနာဌာနတွင် ဆေးရုံလာရောက်ကုသသည့် လူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့များ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးမှုကြောင့် အချိန်တိုအတွင်းရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ပြီးခဲ့သည့်စက်တင်ဘာလအတွင်း တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ အိမ်ထောင်စုပေါင်း(၈)သောင်းကျော်၊ လူဦးရေ(၁)သန်းနီးပါးရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရကာ သေဆုံး/ပျောက်ဆုံးသူ(၅၂၀)ဦးရှိကြောင်း မှတ်တမ်းများအရသိရှိရပါကြောင်း၊ ထို့အပြင်တိရစ္ဆာန်ပေါင်း (၁)သိန်း (၈)သောင်းကျော် သေဆုံးခဲ့ကာ စပါးနှင့်သီးနှံ စိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ပြီး လမ်း၊ တံတား၊ စာသင်ကျောင်း၊ လျှပ်စစ်၊ ဆက်သွယ်ရေးအစရှိသည့် ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း ဇူလိုင်လနှင့် ဩဂုတ်လများတွင် မြစ်ရေကြီးခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်းများကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရခြင်းနှင့်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပါကြောင်း၊ ထို့အပြင် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်အောင်ခရိုင်အတွင်း မြစ်ရေကြီးခြင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ပြီး စိုက်ဧကများထိခိုက်ခဲ့ရပါကြောင်း၊ ယခုအခါတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယာယီပိတ်ထားရသည့် ကာလများအတွက် အချိန်ပိုသင်ကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကာ သင်ကြားရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အချိန်မီကုစားစိုက်ပျိုးနိုင်ရေး နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်ပြည်သူများက သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းပေးခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် အားလုံးကတက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့်ဒေသများသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်များအား အလေးအနက်ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ် ခဲ့သည်။

ထို့နောက် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ဘေးသင့်ဒေသတစ်ခုဖြစ်သည့် နေပြည်တော်သို့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့သော တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဦးစီးမှူးကလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအားလည်းကောင်း၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရာဂီမုန်တိုင်းနှင့်စပ်လျဉ်း၍ဖြစ်ပွားခဲ့သော ရေဘေးကြောင့်ထိခိုက်ပျက်စီးမှုများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)