ပုသိမ် အောက်တိုဘာ ၃၁
ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ၌ စခန်းသွင်းလေ့ကျင့်နေသည့် လက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူတစ်ဦးက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက် လက်ဝှေ့အားကစားသမားများနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား အာရပြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များ၏ သရုပ်ပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား တိုင်းဒေသကြီးဂုဏ်ဆောင် ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဥ်ပြိုင်ကြရန် အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားကို ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းသီချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ် သင်တန်းများကို တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တို့တွင် ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး၊ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ရေးကိစ္စရပ်များကိုလည်း တက္ကသိုလ်များမှပါမောက္ခများ အခြေခံပညာမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများသည် ပညာရေးလမ်းခရီးအား တစိုက်မတ်မတ်လျှောက်လှမ်းနေကြသူများ ဖြစ်သကဲ့သို့ မိမိတို့၏တပည့်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနေကြသူများလည်း ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်း တက်ရောက်စေရေးနှင့် အတန်းစဥ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်သင်တန်းသို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများက မြို့နယ်များအလိုက် မိတ်ဆက်တင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၀၂၃) ဒုတိယနှစ်တွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၃၅၈)ဦးတက်ရောက်လျက်ရှိသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်ရှိ ဖွံ့ဖြိုးအောင်ဖူဆယ်ကွင်းတွင် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေသည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်အမျိုးသားအသင်းအား ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)