ပဲခူး အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ်တက်ရောက်မည့် သင်တန်းသား/သူ များအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ်တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများသည် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းတွေကတည်းက တစ်ခုအပါအဝင်ဖြစ်သည့် ပညာရေးဘွဲ့(B.Ed) (၅)နှစ် သင်တန်းအမှတ်စဉ်(၁၂)နှင့် ပြညထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်/စစ်ကိုင်း)စီမံကိန်းဝင် လူငယ်များဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် လူငယ်မောင်/မယ်များအား နိုင်ငံတော်မှကျောင်းအိပ်၊ ကျောင်းစားအဖြစ် ဘဝရပြီးအလုပ်အကိုင်ရသည်အထိ ထောက်ပံ့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မောင်/မယ်တို့အနေဖြင့်လည်း နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးသလို နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိထိန်းသိမ်းသွားရမှာဖြစ်သလို သင်တန်းအသီးသီးမှ ချမှတ်ထားသည့် ကျောင်းစည်းကမ်းများကို တိကျစွာလိုက်နာသွားကြရမှာဖြစ်ကြောင်း၊ သင်တန်းမှတွေ့ကြုံရမည့် အခြားသောတိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား/သူများကိုလည်း ညီအစ်ကို မောင်နှမလိုသဘောထားပြီး တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က ကူညီဖြေရှင်းဆောင်ရွက်ကြပြီး ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပဲခူးတိုင်းဒေသကြီးမှ လာရောက်ပညာသင်ကြားသူများသည် အမှန်တကယ်ဖော်ရွေပြီး ကူညီပေးတတ်သူများဖြစ်တယ်လို့ ပြောစမှတ်ပြုနိုင်အောင် နေထိုင်သွားကြစေလိုကြောင်း၊ ဒေသခြားကို သွားရောက်ပညာသင်ကြားရမည်ဖြစ်၍ ကျန်းမာရေးကို အထူးဂရုစိုက်ထိုင်သွားကြ ရန်နှင့် သင်တန်းများပြီးဆုံး၍ နိုင်ငံတော်ကခန့်အပ်မည့် နေရာဒေသအသီးသီးတွင် ကျရာတာဝန်များကို ဦးလည်မသုန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို ကျေပွန်စွာ ပြန်လည်ပေးဆပ်နိုင်သည့် သားကောင်း/သမီးမွန်များဖြစ်အောင် နိုင်ငံတော်က အားထားရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ်တက်ရောက်မည့် သင်တန်းသား/သူများ ထောက်ပံ့ငွေကျပ်(၄၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သို့ သင်တန်းသား/သူ(၁၀)ဦး၊ ဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်)သို့ သင်တန်းသား/သူ(၂)ဦး၊ ဒီဂရီကောလိပ်သို့ သင်တန်းသား/သူ(၂)ဦး၊ စုစုပေါင်း(၁၄)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)