ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်သည် ပြိုင်ဆိုင်မှု အားကောင်းမှာဖြစ်၍ အားကစားနည်းအလိုက် အားကစားသမားများအနေဖြင့် ဇွဲကောင်းကောင်း ဖြင့် ပြင်းပြင်ထန်ထန် လေ့ကျင့်သွားရမှာဖြစ်ကာ ပြိုင်ပွဲတိုင်းတွင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ပေးထားရမှာဖြစ်ကြောင်း၊ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းအလိုက် တာဝန်ခွဲဝေပေးထားသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အလှည့်ကျသွားရောက် ကြီးကြပ်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ အားပေးစကားပြောခြင်းတို့ကို ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အားကစားသမားများအား နေထိုင်စားသောက်ရေးကောင်းမွန်ပြီး စိတ်ပျော်ရွှင်စွာ လေ့ကျင် သင်ကြားနိုင်ရေးကိုလည်း စီမံပေးသွားရမှာဖြစ်ကြောင်း၊ အားကစားသမားတိုင်း မိမိတို့ ယှဉ်ပြိုင် မည့် အားကစားနည်းအလိုက် အမြင့်ဆုံးရည်မှန်းချက်၊ ယုံကြည်မှုအပြည့်ဖြင့် ပဲခူးတိုင်းဒေသကြီးအား အကောင်းဆုံးအဆင့်တစ်ခုထိ ရောက်ရှိအောင် ကြိုးစားယှဉ်ပြိုင်သွားရမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကြီးမှစပြု၍ နှစ်စဉ်အားကစားနည်းအလိုက်၊ သက်တမ်းအလိုက် မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ် ပြုစုပျိုးထောင်သွားရန်နှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနည်းအလိုက် ယှဉ်ပြိုင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တာဝန်ယူထားသည့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိနေသည့် အခြေအနေများအားလည်းကောင်း၊ စခန်းသွင်း လေ့ကျင့်နေမှုပေါ် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက လေ့ကျင့်ရေးစခန်းများအလိုက် အားကစားသမားများ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့်အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်းအသီးသီး တင်ပြဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်သို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ရေးနည်းပြများနှင့် အကောင်းဆုံးလေ့ကျင့်သင်ကြားနေမှုနှင့် ယှဉ်ပြိုင်ရမည့်ပုံစံနှင့် နည်းစနစ်ပိုင်းဆိုင်ရာများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေသည့် အားကစားနည်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမကြိမ်အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးမှ အားကစားနည်း(၂၄)မျိုးတွင် အားကစားသမား (၅၇၆)ဦးအား နည်းပြအုပ်ချုပ်သူ(၁၂၀)ဦးဖြင့် အကောင်းဆုံးစခန်းသွင်း လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)