မုံရွာ အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အများသူငါသိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ Update လုပ်ခြင်း၊ နိုင်ငံသားဝန်ဆောင်မှုများပေးခြင်းသို့မဟုတ် သတင်းအချက်အလက်များ ထိန်းသိမ်းခြင်း/လွှင့်တင်ခြင်းများအတွက် e-Government လုပ်ငန်းဆောင်တာများကို ချောမွေ့စေပြီး ၄င်း၏ရည်ရွယ်ချက်အား ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ရန်အတွက် သင်တန်းသား/သူများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ယခုသင်တန်းအောင်မြင်အောင် အပါတ်တကုတ်ကြိုးစား လေ့လာသင်ယူပြီး သင်တန်းသားများ၏ ကြိုးစားအားထုတ်မှုဖြင့် မိမိတို့တိုင်းဒေသကြီး၏ e-Government ကိုအောင်မြင်စွာ အကာင်အထည်ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်က e-Government လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ e-Government လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းသို့ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများမှ သင်တန်းသား/သူ ၄၃ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)