ကျွန်းစု အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရေးပေါ်အသက်ကယ်ဆယ်နိုင်ရေးပညာရပ် တတ်မြောက်စေရန်အတွက် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြိတ်ခရိုင်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့မှူး ဦးထက်မြက်စိုးက ကြက်ခြေနီ တပ်ဖွဲ့၏ ဖွဲ့စည်းပုံများနှင့် ဆောင်ရွက်လျက်ရှိသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပြောကြားခဲ့ပြီး တိုင်းနည်းပြမှူး ဒေါ်စန္တာဝင်းက ဆေးအိပ်များ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးဝင်းမှ လက်ခံရယူသည်။
ထိုနောက် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် တာဝန်ရှိသူများက သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက သင်တန်းသား ထူးချွန်ဆုများကို အသီးသီးပေးအပ်ခဲ့ပြီး တိုင်းနည်းပြမှူး ဒေါ်စန္တာဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သင်တန်းတွင် မြို့ပေါ်ရပ်ကွက်များက စိတ်ပါဝင်စားသူ (၃၁) ဦး တက်ရောက်ခဲ့ပြီး ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်းများ၊ ရုတ်တရက် အသက်ဆို့နစ်ခြင်းပြုစုနည်းများ စသည့် ပညာရပ်များကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)