ရှမ်းရွာသစ် နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူ သွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ပိတောက်လမ်း အုတ်စီရေမြောင်းခင်း ခြင်းလုပ်ငန်းကို နိုဝင်ဘာလပထမပတ်မှစ၍ ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၈၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ အရှည် (၆၄၀)ပေ၊ အကျယ် (၂)ပေနှင့် ထုထည်အမြင့်(၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)သန်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဇင်လေး (ပြန်/ဆက်)