ဘားအံ အောက်တိုဘာ ၂၉
နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၁၀)အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပသည်။
အမှတ်(၁၀)မူလွန်ကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်မှာ (၅၄)နှစ်ရှိခဲ့ပြီး တိုးပွားလာသည့် ကျောင်းသားဦးရေနှင့်အညီ ကျောင်းဆောင်သစ်လိုအပ်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေကျပ် ၁၄၃ ဒသမ ၁၀၀ သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီမှ (၉၀ x ၃၀) ပေ Steel Structure အမျိုးအစား တစ်ထပ်ကျောင်းဆောင်သစ်ကို တည်ဆောက်ပြီးစီး ဖွင့်လှစ်ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်သစ်အား ရှေရှည်တည်တံ့ရန်နှင့် အစဉ်သန့်ရှင်းသာယာလှပစေရန် တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ထိန်းသိမ်းစောင့်ရှောက်၍ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများကလည်း ပံ့ပိုးဖြည့်ဆည်းပေးကြစေလိုကြောင်း၊ ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် လမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော တပည့်ကောင်းများ ပေါ်ထွက်အောင် သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျောင်းဆောင်သစ်အား တာဝန်ယူတည်ဆောက်ပေးသော နန်းအေးရိပ်ကုမ္ပဏီက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသူများ အားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)