ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့

ပဲခူး အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။    

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ အားကစားဥယျာဉ်၌ အမျိုးသား/အမျိုးသမီးဖူဆယ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ ကြီးမှူးကျင်းပခဲ့သည့် အသက်(၁၉)နှစ်အောက် Royal D Cup ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ပထမဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

၎င်းနောက် မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုလည်းကောင်း၊ ပဲခူးတက္ကသိုလ်၌ အမျိုးသား/အမျိုးသမီး ဘောလီဘောအားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အားကစားသမားများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။     

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားဥယျာဉ်အတွင်း အရိပ်ရသစ်ပင်များ တိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်နိုင်စေရေးအတွက် ရေအစက်ချစနစ်ဖြင့် ဆောင်ရွက်သွားရန်၊ အားကစားသမားများ နေထိုင်စားသောက်ရေး ကောင်းမွန်မှုရှိစေရန်၊ ကျန်းမာရေးအဖွဲ့များထားရှိပေးရန်နှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိသုံးစွဲနိုင်ရေး စီစဉ်ပေးရန်နှင့် အားကစားနည်းအလိုက် အမှတ်ပေး စည်းမျဉ်းစည်းကမ်းများအား တစ်ပါတည်းရှင်းလင်းသင်ကြားပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)