ပေါင်းတည် အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းများကို ယာမြေ၊ ကိုင်းမြေနှင့် ခြံမြေများတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော ပြောင်းဖူးများကို ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် ယာယီစျေးတန်းပြုလုပ်ကာ ရောင်းချလျက်ရှိရာ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု အားပေးကြသည်။
ဒေသခံများတောင်သူများသည် စျေးကွက်ဝင် သကြားပြောင်းဖူး၊ ထိုင်ဝမ်ပြောင်းဖူးအပြင် ဒေသခံပြောင်းမျိုးကိုလည်း စိုက်ပျိုးထုတ်လုပ်ကြပြီး ယခုနှစ်တွင်ပြောင်းမျိုးစုံ ဧက သုံးထောင်ကျော် စိုက်ပျိုးထားကြောင်း၊ ပြောင်းပေါ်ချိန်တို့တွင် စိုက်ပျိုးထုတ်လုပ်သူများ ကိုယ်တိုင်ရောင်းချကြသဖြင့် စျေးနှုန်းသက်သာကာ ဝယ်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။
ဒေသတွင်း စျေးကွက်ခိုင်မာမှုနှင့်စျေးကွက် လိုအပ်ချက်အရ မြေအောက်ရေ၊ ချောင်းရေတို့ဖြင့် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)