တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေး တိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

မကွေး   အောက်တိုဘာ  ၂၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၌ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားပြိုင်ပွဲဝင်များအား တိုင်းဒေသကြီး ဖူဆယ်အားကစားရုံတွင် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး အားကစားကွင်း၌ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်အားကစာအသင်းအနေနဲ့ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဖလား ခရိုင်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲမှ လက်ရွေးစင်အားကစားသမားများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ အပျော်တန်းဖူဆယ်ပြိုင်ပွဲမှ ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ ကစားသမားများကို ရွေးချယ်ကာ အောက်တိုဘာလ (၁၀)ရက်နေ့မှ စတင်ကာ (၂)လကြာ အားကစားစခန်းသွင်း စုစည်းလေ့ကျင့်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်၍ လေ့ကျင့်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား အားပေးစကားများပြောကြားပြီး အာဟာရ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့သည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဖူဆယ်စသည့် အားကစားနည်း များအပါအဝင် အားကစားနည်း (၂၃)မျိုးမှာ မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် (၄၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အားကစားသမားများအား အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အားကစားကွင်း၌  ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ(၂၇၀၀.၆၅၁)ကျပ်သန်းဖြင့်  Shining Myanmar Co., Ltd မှ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာနဲ့ အမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ