စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် အခြေခံကွန်ပျူတာသင်တန်း (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ကွန်ပျူတာနည်းပညာဘာသာရပ်များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ကွန်ပျူတာအခြေခံသင်တန်းများအား ဖွင့်လှစ်စီစဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ သင်တန်သား/သူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးမည့် ကွန်ပျူတာပညာရပ်များအား ခေတ်နှင့်အညီ ကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်မြောက်ထားရန် လိုအပ်သကဲ့သို့ တတ်မြောက်ထားသည့် နည်းပညာများကိုလည်း မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၅ ခရိုင်တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်းအတွက် ငွေကျပ်-၁၀၇၉၀၀၀ (တစ်ဆယ်သိန်းခုနှစ်သောင်းကိုးထောင်)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံ Community Centre အတွက် လမ်းပြုပြင်ရန် ထောက်ပံ့ငွေကျပ်သိန်း ၄၀ နှင့် ဘိလပ်မြေအိတ် ၁၆၉ အိတ်အား ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား အခြေခံကွန်ပျူတာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်း (၆/၂၀၂၄) အား တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခရိုင် ၅ ခရိုင်မှ သင်တန်းသား/သူ ၇၂ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ၁ လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)