ရှမ်းရွာသစ် နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ် - ၁၉ ရောဂါမှ ကင်းဝေးစေရန်ရည်ရွယ်ပြီး မြို့ပေါ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများက ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ကျန်းမာရေးဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများတို့က မြို့အတွင်းရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ရောက်ရှိလာသော စားသုံးသူများကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းတာရန်၊ လက်ဆေးရန်နေရာများ ဆောင်ရွက်ထားရန်၊ ဆိုင်ထိုင် စားသုံးမည့်နေရာများသည် လေဝင်လေထွက် ကောင်းရန်အတွက် ပြတင်းပေါက်များ ဖွင့်ထား ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော အသိပညာပေး ပိုစတာများ၊ ဗီနိုင်းများကို လူအများ မြင်သာသည့်နေရာတွင် ကပ်ထားပေးရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားရန် စသည်ဖြင့် ကိုဗစ် - ၁၉ ရောဂါမှ ကြိုတင် ကာကွယ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)