မင်းဘူး(စကု)မြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနက လက်ငင်းစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် စပါးရိတ်သိမ်းခြွေလှေ့စက်နှစ်စီး တောင်သူလက်ဝယ်သို့ ပေးအပ်

မင်းဘူး အောက်တိုဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက လက်ငင်းစနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချပေးခဲ့သော စပါးရိတ် သိမ်းခြွေလှေ့စက် နှစ်စီးအား တောင်သူလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ တိုင်ဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မွန်က ဒေသတွင်း စက်မှုလယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ နှစ်စဉ်ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှု၊ ရာသီဥတုဖောက်ပြန်မှုများကို ဖြေရှင်းပြီး စိုက်ပျိုးသီးနှံများအား အချိန်မီ ရိတ်သိမ်းခြွေလှေ့ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးဌာနက လက်ငင်းစနစ်ဖြင့် ယခုလို ဝယ်ယူဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများက စာချုပ်စာတမ်းအထောက်အထားများနှင့် စပါးရိတ်သိမ်းခြွေလှေ့စက် နှစ်စီးအား ဒေသခံ တောင်သူနှစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းသုံး အထောက်အကူပြု လယ်ယာသုံး စက်ကိရိယာ ကူဘိုတာ စပါးရိတ်သိမ်းခြွေလှေ့စက် Kubota Combine Harvester DC.70 G (Pro) နှစ်စီးကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စက်မှုလယ်ယာဦးစီးဌာနက လက်ငင်းစနစ်ဖြင့် တစ်စီးလျှင် တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၀၀ ဖြင့် ဝယ်ယူ၍ ခေတ်ရှေ့ဆောင်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းဝင်နှစ်ဦးဖြစ်သော လက္ခုပ္ပင်ကျေးရွာမှ တောင်သူ ဦးသန့်စင်အောင်နှင့် ပန်းလွှား ကျေးရွာအုပ်စု၊ ချင်းကုန်း(၂)ကျေးရွာမှ တောင်သူ ဦးသက်ထွန်းဇော်တို့အား ဌာနလက်ငင်းစနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချ ပေးရခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးအထောက်အကူပြု လယ်ယာသုံးစက်ကိရိယာများကို ဒေသခံတောင်သူများ စိတ်ကြိုက်ဝယ်ယူလိုသည့် စက်ပစ္စည်းအမျိုးအစား အလိုက် နှစ်စဉ်ဝယ်ယူပေးလျက်ရှိရာ ယခင်နှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် စပါးရိတ်သိမ်းခြွေလှေ့စက် တစ်စီး၊ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဦးစီးဌာနမှလက်ငင်းနစ်ဖြင့် စပါးရိတ်သိမ်းခြွေလှေ့စက်နှစ်စီးကို ဒေသခံတောင်သူများအတွက် ဝယ်ယူပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောသည်။

မောင်မောင်(မင်းဘူး)