ပွင့်ဖြူ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၇၉၀၈ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၇၉၀၈ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် နိုဝင်ဘာလ ပထမပတ်တွင် စတင်စိုက်ပျိုးနိုင်ရန် လယ်ယာမြေများ ထွန်ယှက်ပြုပြင်ခြင်း၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးများ ကြိုတင်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်နေကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၇၉၀၈ ဧက စိုက်ပျိုးသွားဖို့ လျားထားပါတယ်။ အဓိက စိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန်အစာကတော့ နှံစားပြောင်း၊ နေဗီယာမြက်နဲ့ ပဲသီးနှံများကို စိုက်ပျိုးကြပါတယ်။ ဒေသတွင်းရှိ ကျွဲနွားတိစ္ဆာန်တွေအတွက် အစာရှားပါးမှု မဖြစ်စေဖို့နဲ့ ဝင်ငွေတိုးပွားရေးအတွက်မွေးမြူထားရှိတဲ့ ကျွဲနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုနိုင်ဖို့ ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး လျာထားစိုက်ဧကပြည့်မီအောင် မျိုးစေ့များဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်တွေနဲ့ ပိုးမွှားရောဂါ မကျရောက်စေဖို့ကြိုတင်ကာကွယ်ရမည့် နည်းပညာတွေအသိပညာပေးခြင်းစတဲ့ တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ကျွဲနွားတိရစ္ဆာန်အစာဖူလုံစေရန်အတွက် နှစ်စဉ် ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် မဲဇလီရေလွှဲဆည်ရေနှင့်မြေအောက်ရေတို့ကို အကျိုးရှိရှိအသုံးချပြီး နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် သဘာဝသွင်းအားစုပစ္စည်း ပြုလုပ်သုံးစွဲနည်းပညာများ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းပညာပေးခြင်းစသည့် တောင်သူများသိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )