တောင်ငူ အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီးအတွင်း အခွန်ဘဏ္ဍာငွေပိုမိုတိုးတက်ရရှိစေရေး၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က တောင်ငူမြို့ ခပေါင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်/တည်းခိုခန်းလုပ်ငန်း၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်း၊ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း၊ စုစုပေါင်းလုပ်ငန်းရှင် (၃၆၀)ဦးရှိကြောင်း၊ စားသောက်ဆိုင်များတွင်လည်း ပြေစာတောင်းယူနိုင်ရန်အတွက် စားသုံးသူမိဘပြည်သူများသို့ အသိပေးနှိုးဆော်စာ ကြော်ငြာဗီနိုင်းများကပ်ထားပြီးဖြစ်ကြောင်း၊ ပြေစာရရှိသော်လည်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားမှု မရှိခြင်းများတွေ့ရှိပါက အထောက်အထားနှင့်အတူ နီးစပ်ရာအခွန်ရုံးသို့ တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်ပြောင်းလဲနိုင်ရန်အတွက် တာဝန်သိသိအခွန်ကို လိုလားစွာပေးဆောင်ကြဖို့ အခွန်ထမ်းပြည်သူများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်က အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)