မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

မြဝတီ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်း ကျင်းပသည်။

ဦးစွာ ကျောင်းတိုက်အသီသီးမှ ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ်(၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာအရှင်ပညာနန္ဒထံမှ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦကောင်းစံလင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ် (၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာအရှင် ပညာနန္ဒထံမှ အနုမောဒနာတရားချီးမြှင့်ပေးမှုကို နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။ ထို့နောက် မြို့နယ်သံဃာ့ အကျိုးတော်ဆောင် သင်္ယန်းညီနောင် သက်သက်လွတ် ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာသီသက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်း ဆောင်ရွက်ပေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း မင်္ဂလာအောင်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)