မကွေး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြသလွန်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့ အစည်းများ စုပေါင်း၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းစသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြသလွန်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာမုန့်နှင့် သောက်ရေသန့်ဘူးများ ပေးဝေခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စုပေါင်းအင်အားဖြင့် မြို့ရွာသန့်ရှင်း သန့်ရှင်းသာယာလှပစေရေး ဘုရားစေတီ ပုထိုးများ၊ ရုံးဌာန အဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှု ရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ် (စနေနေ့တိုင်း) လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ