ဇီးကုန်းမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပ

ဇီးကုန်း အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကိုအခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က  (ဇီးကုန်း)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်၊ ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းပညာရေးမှူးရုံး (ပြည်မြို့) ရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ယု၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက ဇီးကုန်းမြို့နယ် အခြေခံပညာကျောင်းများအတွက် လှူဒါန်းသည့် စာအုပ်စာ‌စောင်များကို မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ထံလည်းကောင်း၊ စာပေဟောပြော‌ပေးသည့် စာရေးဆရာများနှင့် ဖျော်ဖြေတင်ဆက်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီး၊ တိုင်း/ ခရိုင်အဆင့် တာဝန်ရှိသူများက ကျောင်းသား/ သူများ၏ ဘက်စုံပညာနှင့်ပတ်သက်သည့် ပြိုင်ပွဲဝင်နေမှုများ၊ ဂိမ်းကစားမှုအပြင် စိတ်ဝင်စားဖွယ်ရာ ကလေးစာဖတ်ခန်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏ပြခန်းများ၊ သင်ထောက်ကူပြခန်း၊ ပန်းချီပြခန်းနှင့် စာအုပ်ဈေးရောင်းဆိုင်များ၊ စတုဒီသာကျွေးမွေးခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ် ကျင်းပပြုလုပ်ခဲ့ရာ  စာပေဗိမ္မာန်ဆုရှင် စာရေးဆရာ မင်းသွေးနွယ် (ဇီးကုန်း) က အသိပညာမြင့်မားဖို့စာဖတ်ခြင်းဖြင့်မြှင့်တင်စို့၊ စာရေးဆရာနေဝင်း (ဇီးကုန်း) မှ ပညာပြည့်နှလုံးလှ၊ စာရေးဆရာသူရိန်ဝင်း(ဇီးကုန်း) အလိမ္မာစာမှာရှိ ခေါင်းစဉ်အသီးသီးတို့ဖြင့်လည်းကောင်း ဟောပြောခြင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူလေးများက ဖျော်ဖြေတင်ဆက်ခြင်း၊ ဆုရရှိသည့် ကျောင်းသား/ သူလေးများကို  တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းအစီအစဥ်များ ပြုလုပ်ခဲ့၍ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးရဲထွဋ်ဦးက ကျေးဇူးတင်စကား ပြာကြားခဲ့သည်။

အဆိုပါပွဲတော်ကို မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းပေါင်း (၁၀၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ စုစုပေါင်း ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား (၂၀၀၀) ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)