ဘားအံ အောက်တိုဘာ ၂၆
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများစေလွှတ်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေး အားကစားနည်းအလိုက် ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်လက်ရွေးစင်ကြက်တောင်ရိုက်အသင်း၏ စခန်းသွင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်ကြက်တောင်အားကစားဆပ်ကော်မတီ၊ အောင်နိုင်ရေးကော်မတီတို့မှတာဝန်ရှိသူများနှင့်နည်းပြ၊အုပ်ချုပ်သူများက စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များမေးမြန်းဖြည့်ဆည်းပေး၍ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ဂျူဒိုအားကစားခန်းမတွင် ဂျူဒိုအားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေသော အားကစားသမားများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် စားရိပ်သာနှင့်အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအားလိုအပ်သည်များမှာ ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဘက်စတ်ဘောအသင်း၏ စခန်းသွင်းလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ သက်ဆိုင်ရာအားကစားနည်းအလိုက်စခန်းသွင်းလေ့ကျင့်ရာတွင် လိုအပ်ချက်များအပေါ်အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေးနှင့် တံခွန်စိုက်ဆုဖလားရရှိနိုင်ရေးဆပ်ကော်မတီ အသီးသီးမှပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်အနေဖြင့် အားကစားနည်း ၂၃ နည်း၊ အားကစားသမားပေါင်း ၄၅၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘားအံမြို့ပေါ်ရှိ သက်ဆိုင်ရာ အားကစားကွင်း၊ အားကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာအားကစားဆပ်ကော်မတီများနှင့် ဒေသခံပြည်သူများမှ လိုအပ်သည့်ကူညီဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)