ဖောင်းပြင် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ငှက်ပျောတောကျေးရွာ ကွင်းအမှတ် ၃၅၇ တောင်သူ ဦးမင်းဇော်ဦး၏ စိုက်ခင်းတွင် ပဲတောင့်ရှည်များ စိုက်ပျိုးထားရှိရာ အောင်မြင် ဖြစ်ထွန်းလျှက်ရှိပြီး တစ်ပိဿာလျှင် ၁၅၀၀ ဈေးရရှိ၍ အမြတ်ငွေ ပိုမိုရရှိကာ အဆင်ပြေ လျှက် ရှိကြောင်း သိရသည်။
“ယခုနှစ်မှာတော့ မြစ်ရေလျှံတာ လေးကြိမ်ဆိုတော့ စောစောစိုက်တဲ့သူ အတော်များများ ရေမြုပ်တဲ့သူ လည်းမြုပ် ကုန်းမြင့်ပိုင်းက တစ်ချို့တောင်သူတွေပဲ မမြုပ်တာဆိုတော့ ပဲတောင့်ရှည် စပြီးခူးရချိန်မှာ ရောင်းချသူဦးရေနည်းသည့်အတွက် ဈေးကောင်း ရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်ပိဿာကို တစ်ထောင့်ငါးရာဈေးနဲ့ ရောင်း နေရပါတယ်”ဟု ပဲတောင့်ရှည် စိုက် တောင်သူက ပြောပြသည်။
အဆိုပါ တောင်သူက စိုက်ပျိုးရေးမျိုးစေ့ထုတ် ၈၄၄ တံဆိပ် ပဲတောင့်ရှည်မျိုးကို အပင်ခြား ဆယ်လက်မ၊ အတန်းခြား သုံးပေအကွာ စိုက်ပျိုးထားကြောင်း၊ မျိုးစေ့တစ်ထုပ်လျင် ၃၅၀၀ကျပ် ပေးဝယ်ရကာ စိုက် ပျိုးပြီးချိန်မှစ၍ တစ်လခွဲအကြာတွင် အသီးများစတင်ဆွတ်ခူးရောင်း ချနေရကြောင်း၊ အသီးခူးရသည့် ကာလမှာ အများအားဖြင့် တစ်လခွဲခန့်ကြာမြင့်ကြပြီး အပင်အားပြုစုပေးပါက ကာလကြာရှည်ဆွတ်ခူးရကြောင်း စိုက်ပျိုးသည့်တောင်သူ၏ ပြောကြား ချက်အရ သိရသည်။
ကိုထွန်း(ဖောင်းပြင်)