သာပေါင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်လုံခြုံရေးအတွက် ကြပ်မတ်စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်

သာပေါင်း အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ မိဘမေတ္တာစက်သုံးဆီဆိုင်နှင့် ရေသန့်စက်ရုံသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးလှဝင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မိဘမေတ္တာစက်သုံးဆီဆိုင်တွင် အသိပညာပေးပြောကြားပြီး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ရှေးဦးမီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ အမြုပ်မီးသတ်ဆေးရည်အသုံးပြု၍ မီးငြှိမ်းသတ်နည်းတို့ဖြင့် ဇာတ်တိုက်လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မိဘမေတ္တာရေသန့်စက်ရုံသို့ ဆက်လက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း