ကြံခင်း အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား ကျင်းပခဲ့ရာ “တန်ဆောင်တိုင်မီးထွန်းပွဲတော်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိကြသူများကို တာဝန်ရှိသူများ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။ ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)