တောင်တွင်းကြီး အောက်တိုဘာ ၂၆
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးဗိုလ်မှူးချုပ်သိန်းထွန်းဦးနှင့် လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်ကူညီခဲ့သည့် ပန်းပွားအဖွဲ့နှင့် ရှမ်းအိုးစည်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းအတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ ဂိမ်းကစားပြိုင်ပွဲများနှင့်စာအုပ် အရောင်းဆိုင်များ၊ တောင်တွင်းကြီးဒေသထွက်ကုန် ပဲကြော်၊ ပဲလှော်လုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ ပေးလေးပင်ခန်းမ၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” တေးသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုလို စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များကို စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်လာစေရေး ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေဖြစ်လာကြမည့် လူငယ်မောင်မယ်များဖြစ်ကြသည့်အတွက် ကာယ၊ ညာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံဖို့ လိုအပ်ပါကြောင်းနှင့် ဗလငါးတန်နဲ့ ပြည့်စုံနိုင်ရေး စာပေလေ့လာဖတ်ရှုဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရေးအပြင် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဆောင်ရွက်နိုင်တဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကိုလည်း တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။
ယင်းနောက် ရွေအိုး(၂)မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရသစ္စာ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ပထဆုရရှိသူများက ပြန်လည်သရုပ်ပြသခဲ့ပြီး UAZL ကိုယ်ပိုင် အထက်တန်း ကျောင်းမှ ကျောင်းသား/သူများ က “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးဆရာတင်လင်းဇော်အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်အတွက် လူထုသိပ္ပံ အတွဲ(၁၊ ၂၊ ၃) သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်း၍ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများအပြင် ဌာအဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာရှိ တက်နေဝန်းစာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦးနှင့် မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်ဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် အကအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကာ တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ စာကြည့်တိုက် အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေဖို့အတွက် စာကြည့်တိုက်သို့ သွားရောက်ပြီး စာပေဖတ်ရှု လေ့လာစေခြင်း၊ အသိပညာဗဟုသုတများကို ကူးယူရေးမှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဖို့ လိုအပ်ပါကြောင်း စသည်ဖြင့် ဒေသခံပြည်သူများအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ တက်နေဝန်း စာကြည့်တိုက် အဆောက်အအုံသစ်အား နိုင်ငံတော်နှင့် ပြည်သူများမှ စာကြည့်တိုက် အဆောက်အဦအတွက် ငွေကျပ်သိန်း(၁၀၀)၊ စာအုပ်၊ စာစောင်များအတွက် ငွေကျပ်သိန်း(၂၀)နှင့်ပရိဘောဂပစ္စည်းများအတွက် ငွေကျပ်သိန်း(၃၀) စုစုပေါင်း ငွေကျပ်သိန်း (၁၅၀)ဖြင့် ဖြည့်ဆည်းတည်ဆောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအနေဖြင့် စာကြည့်တိုက်အဆောက်အအုံသစ် (၂၁)တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်းစာကြည့်တိုက်(၆)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)