အိမ်မဲ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသည့် ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ် ၃/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေါက်တာသန်းဌေး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်မြင့်တို့က အဖွင့်အမှာစကားများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို အကျယ်တဝင့် ပြောကြားခဲ့ကြသည်။
ထို့နောက် “အကြံကောင်းတစ်ခုရဲ့သမိုင်းကြောင်း”၊ “ကြက်ခြေနီအကြောင်းသိကောင်းစရာ”၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လှုပ်ရှားမှု video clip များကို Projector ဖြင့် ပြသခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၇) ဦးမှ သင်တန်းသား/သူ (၅၁) ဦးကို ရှေးဦးပြုစုခြင်းဆိုင်ရာဘာသာရပ် (၁၂)ခု အား စာတွေ့လက်တွေ့ (၃) ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းများကို အ.ထ.က (၁)၊ အ.ထ.က (ခွဲ) တကောကျောင်းတို့တွင် သင်ကြားပေးပြီးဖြစ်ပြီး ယခု အ.ထ.က (၂)တွင် တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)