မအူပင် အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များတွင် တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ်ကင်းစင်ကျန်းမာမှ၊ မူးယစ်ဆေးဝါးသုံးစွဲမိသော အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု ကြိုတင်ကာကွယ်ရေး မဟာဗျူဟာများနှင့် လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများအသုံးပြုသော နည်းသစ်များ၊ လူကုန်ကူးခံရသူများ ထွက်ပြေးလွတ်မြောက်မှုမရှိသည့် အကြောင်းအရင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ထားရှိမှု အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)