ထားဝယ်မြို့တွင် စက်ချုပ်သင်တန်းများလုပ်ငန်းထူထောင်မည့်သူ (၅)ဦးစီတို့အား လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထားဝယ် အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သော ထားဝယ်မြို့နယ်၊ အလယ်ကုန်းကျေးရွာနှင့် ဇလွန်းကျေးရွာတို့တွင် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းများ လုပ်ငန်းထူထောင်မည့်သူ(၅)ဦးစီတို့အား လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ဝင်ငွေတိုးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဆင်းများကို လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားဖြစ်ကြောင်း၊ စက်ချုပ်လုပ်ငန်းသည် လူမှုဘဝနေ့စဉ် လိုအပ်ချက်ထဲကတစ်ခုဖြစ်သော ဝတ်ရေးအတွက်ဖြည့်ဆည်းဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်ပြီးဈေးကွက်ရှိသောလုပ်ငန်းဖြစ်သောကြောင့်ကြိုးစားဆောင်ရွက်မည်ဆိုပါက အောင်မြင်မည့်လုပ်ငန်းဖြစ်ကြောင်း၊ ခေတ်နှင့်လျှော်ညီသော နည်းပညာများကိုလေ့လာသင်ယူရင်းအောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဒါကြောင့်မိမိအကျိုး၊ ‌မိမိဒေသအကျိုးနှင့်အများအကျိုးဆောင်ရွက်နိုင်သည့် အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က စီမံကိန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးရွာများမှ လုပ်ငန်းထူထောင်မည့်သူများအား တစ်ဦးလျှင်ကျပ်(၁၄)သိန်းဖိုးရှိစက်ချုပ်လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပြီးကျေးရွာများမှ ကိုယ်စားတစ်ဦးစီက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စက်ချုပ်လုပ်ငန်းရှင်တစ်ဦးက အောင်မြင်စွာလုပ်ငန်းဆောင်ရွက်လျက်သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ယခုဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစီမံကိန်းအစီအစဉ်ဖြင့် ထားဝယ်ခရိုင်တွင် (၄)ရွာ၊ မြိတ်ခရိုင်တွင်(၃)ရွာနှင့် ကော့သောင်းခရိုင်တွင် (၃)ရွာ စုစုပေါင်း(၁၀)ရွာတွင် ၎င်းတို့ ဆောင်ရွက်လိုသောလုပ်ငန်းအမျိုးအစားအလိုက် နည်းပညာသင်တန်း(၂)ကြိမ်စီ ဖွင့်လှစ်ပို့ချခဲ့ပြီး လုပ်ငန်းထူထောင်မည့် စုစုပေါင်း(၅၀)ဦးအား လုပ်ငန်းသုံးပစ္စည်း ကျပ်(၁၄)ဖိုးစီ ပေးအပ်သွားမည်ဖြစ်ပြီး အောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)