ပွင့်ဖြူ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဖြူတွင်းကျေးရွာ၌ နဝမအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လှကြူနွဲ့က ရေဖြူတွင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံ၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်း လည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့် ၊ စီမံကိန်းလက်စွဲစာစောင်ပါစည်းမျဉ်း ၊ စည်းကမ်းများ၊ မတည်ရန်ပုံငွေ အရင်းအတိုးပေးဆပ်ရမည့်ကာလနှင့် ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၉ ဒသမ ၇ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရေဖြူတွင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂၃ ဦးကို ငွေကျပ် ၂၄ ဒသမ ၇ သန်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉၅ ဦးကို ငွေကျပ် ၁၄ ဒသမ ၂၅ သန်း ၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၅ ဦးကို ငွေကျပ် သုည ဒသမ ၇၅ သန်း ၊ စုစုပေါင်း အသင်းသား ၊ အသင်းသူ ၂၂၃ ဦးကို နဝမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၃၉ ဒသမ ၇ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )