ဒေးဒရဲ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အေဝမ်းစျေးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အေဝမ်းစျေးရှိ စျေးဆိုင်ခန်းများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိမှု၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ အစားအစာချက်ပြုတ်ရောင်းချသည့်ဆိုင်များအား မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေး ဟောပြောခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း