ပခုက္ကူ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုချိုမာက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က “စာဖတ်ခြင်းနှင့်သုတရသအဖုံဖုံ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးမောင်မောင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား)က “မိမိ၏အနာဂတ်သည် မိမိလက်ဝယ်၌သာရှိသည်”ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောကြသည်။
ထို့နောက် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူုဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)