ပဲခူး နိုဝင်ဘာ ၂၄
ကိုဗစ်-၁၉ ကာလအတွင်း ပဲခူးမြို့ပေါ်ရှိ စျေးများ၌ နှာခေါင်းစည်းများမတပ်ဘဲ စျေးရောင်းချသူ ၂၂၁၀ ဦး အထိ အရေးယူ ဆောင်ရွက်ထားကြောင်း ယနေ့ နံနက်က ပဲခူးမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူ က ပြောကြားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စျေးရောင်းချသူများအား လိုက်နာဆောင်ရွက်ရမည့် အချက် များနှင့် အသိပညာပေး လက်ကမ်းများ ဝေငှထားပြီးဖြစ်ရာ ပဲခူးမြို့ပေါ်ရှိ စျေးများတွင် ရောင်းချသူများ အနေဖြင့် လိုက်နာမှုမရှိဘဲ စျေးရောင်းချကြောင့် ယနေ့အထိ ၂၂၁၀ ဦး ဒဏ်ရိုက်အရေးယူ ဆောင်ရွက် ထားပြီး စျေးရောင်းချခွင့်ပိတ်ခြင်း၊ ဆိုင်ခန်းလိုင်စင်သိမ်းခြင်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်ခိုင်က ပြောကြားသည်။
ပဲခူးမြို့ပေါ်တွင် စျေး(၆)စျေးရှိပြီး ကိုဗစ်-၁၉ ကာလတွင် စျေး(၅)စျေးအား အချိန်ပိုင်းဖြင့် ဖွင့်လှစ် ပေးကာ အဓိကအားဖြင့် အခြေခံစားသောက်ကုန်များ၊ ကုန်စိမ်း၊ သားငါးနှင့် ဆေးဝါးများကိုသာ ရောင်းချခွင့်ပေးထားပြီး ပဲခူးမြို့မစျေးကြီးအား စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ပိတ်ထားကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)