ထားဝယ် အောက်တိုဘာ ၂၆
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်၊ ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များ ဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်လာအောင်ကြိုးစားကြရန်လိုအပ်ကြောင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ခန်းမအတွင်းခင်းကျင်းပြသထားသော အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့် အဆိုအမိန့်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးနံနရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးစာစောင်များ၊ သုတရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုအားပေးသည်။
ဆက်လက်၍ကျောင်းသား/သူများက စာဖတ်စွမ်းရည်အားယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာမများနှင့်ကျောင်းသား/သူများ ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ဆုရရှိသူများဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)