မအူပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

မအူပင် အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အ.ထ.က(၁)မြတ်ပညာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာအကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက်အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဆရာ/မများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)