ဝေါမြို့နယ်၊‌ လေးအိမ်စုကျေးရွာ အ-လ-ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းလေးအိမ်စု(၁) ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းလေးအိမ်စု(၁)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်​ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်ပေးသူအဖြစ်ဆောင်ရွက်ပေးပြီး၊ အ.လ.က လေးအိမ်စုကျောင်းမှ  Grade(9) ကျောင်းသူ မမြစန္ဒာအေးက ကြည်ညိုလေးစား တန်ဖိုးထားခံရမည့် ပုဂ္ဂိုလ်မှာရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေး(၇)ချက်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(7) ကျောင်းသူ မဖူးပြည့်စုံက လူညံ့တစ်ယောက်မဖြစ်ဖို့အတွက် စာဖတ်ပါခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(6) ကျောင်းသူ မဝတ်မှုံကျော်က စည်းကမ်းဟူသည် လူ့တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(6) ကျောင်းသူ မသူဇာမြင့်က လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ Grade(6) ကျောင်းသူ မယမင်းသော်တာလှိုင်က လူငယ်နှင့်မိတ်ဆွေကောင်းခေါင်စဉ်ဖြင့်လည်းကောင်း၊ Grade(6) ကျောင်းသား မောင်စွမ်းထက်နိုင်က စကားပြောကောင်းသူခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade(9)ကျောင်းသား မောင်မြင့်မြတ်က ကိုယ်ကျင့်တရားစသည့်ခေါင်းစဉ်တို့ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုအပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြော‌ကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထား သည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)