စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ တက်ရောက်

မုံရွာ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာ ဧည့်ခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။    

ဦးစွာ စစ်ကိုင်းမြို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်နေသည့်လုပ် ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့ဝင်ရတနာပုံတံတား စစ်ဆေးရေးဂိတ်နှင့် ကံတလူစစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးနှင့်စစ်ဆေးရေးတာဝန်များ ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများအနေဖြင့် တရားမဝင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် မော်တော်ယာဉ်များအား အလေးထား ကြပ်မတ်စီစစ်၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းမြို့အတွင်း ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ အားတရားမဝင်ငွေကြေးကောက်ခံမှုများ မပြုလုပ်စေဘဲ အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေး နွေးထွေးပျူငှာစွာ ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော စစ်ကိုင်းတပ်နယ်မှ အရာရှိ ကြီးများနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက စစ်ကိုင်းမြို့အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)