ကျိုက်လတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အောက်တိုဘာ(၂၄)ရက်၊ နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားသည့် “ငါသူဌေး ဖြစ်မယ့်လူလား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ရီရီမြင့်က စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးအေးမြင့်က “အများချစ်ခင် စီးပွားဥစ္စာ တိုးတက်စည်ပင်” ခေါင်းစဉ်၊ Book Club အဖွဲ့ဝင် ဒေါ်ယဉ်လှ က “တစ်ယောက်ဆိုတစ်ယောက် ထွန်းထွန်းပေါက်ပေါက်” ခေါင်းစဉ်နှင့် Book Club အဖွဲ့ဝင် မနှင်းနှင်းက “မျက်မှောက်ခေတ် စီးပွားပျက်ကြောင်းတရား ခြောက်ပါး” ခေါင်းစဉ်တို့ကိုဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်