သရက်ချောင်း အောက်တိုဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်နယ်မိသားစုဝင်မှီခိုသူများနှင့် Volunteer ပရဟိတအဖွဲ့များအား ဂုဏ်ပြုနေ့လယ်စာဧည့်ခံကျွေးမွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်များ၊ Volunteer များအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် သန်းခေါင်စာရင်းကောက်ယူပြီးစီးမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်က ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်နယ်မိသားစုဝင်မှီခိုသူများနှင့် Volunteer ပရဟိတအဖွဲ့များအား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ အခမ်းအနားရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်ကော်မတီဝင်များ၊ သရက်ချောင်းမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဌေးဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရင်းစစ်/စာရင်းကောက်အဖွဲ့ဝင်များ၊ တပ်နယ်မိသားစုဝင်မှီခိုသူများနှင့် Volunteer ပရဟိတအဖွဲ့များအား နေ့လယ်စာ ဒံပေါက်ထမင်းနှင့် ကြက်သားဟင်း၊ အအေးဘူးများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)