ဟင်္သာတ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် စုပေါင်းမဟာဘုံကထိန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာ ရုံးဌာနများအလိုက် ပဒေသာပင်နှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးစေလိုပါကြောင်း၊ စုပေါင်းမဟာဘုံကထိန်ပွဲတော်အား တန်ဆောင်းမုန်းလပြည့်နေ့၌ ဟင်္သာတမြို့၊ ပခန်းရပ်ကွက်ရှိ လယ်တော်တိုက်သစ်ကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအား ယခင်နှစ်ဆောင်ရွက်ခဲ့မှုအပေါ် အားသာချက်၊ အားနည်းချက်များ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့်အခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)